Tuesday, October 30, 2012

ဘ၀အိပ်မက်

 ၃၀ .၁၀. ၂၀၁၂

သူမသည် အိတ်များကို သဘောကျသည်... မိန်းကလေးတစ်ယောက် ကို ကြည့်လျှင် တစ်ခြားသော အရာများကို စိတ်မ၀င်စားပါ... သူတို့ ကိုင်ထားသော အိတ်များကိုသာ စိတ်ဝင်စားစွာ ကြည့်မိသည်...  အိတ်သေးသေးလေး ကအစ သဘောကျလျှင်ဝယ်သည်... အဖိုးမတန်လည်း သူမကြိုက်သည့်အခါ ၀ယ်သည်... တစ်ခါတစ်ခါ ၀ယ်ပြီး မကိုင်ဖြစ်သည့်အခါ မေ့လျော့ခံနေရသော အိတ်များလည်း ရှိသည်။ ပြန်တွေ့ သည့်အခါ အော်.. ဒီအိတ်ကို မေ့နေတယ်ဟု စိတ်ထဲတွင် ဖြစ်မိသည်... သူမသည် အိတ်တွေ ရောင်းသော ဆိုင်လေးတစ်ဆိုင် ဖွင့်ချင်မိသည်... သူမသဘောကျသော အိတ်များကိုသာ ဆိုင်တွင် တင်ထားမည်... တစ်လကြာသည်အထိ မရောင်းရသေးသော အိတ်များကို သူမ အပိုင်စီးမည်... ဘယ်လောက်ပျော်စရာကောင်းလိုက်မည်နည်း... ၀တ်နည်းလည်းလွတ်သည် မဟုတ်ပါလား...  ရောင်းလျှင်လည်း အမြတ် 10% နှုန်းဘဲ ယူမည်ဟု ဆုံးဖြတ်ထားသည်.... ထိုအမြတ်ထဲမှ 5% ကို အလုပ်အတူလုပ်သူများကို ဝေမျှပေးပြီး 3% ကို ထပ်လှူကာ 2 % သာ သူမယူမည်ဟု ဆုံးဖြတ်ထားသည်...

လူတိုင်းတွင် စိတ်ကူးအမျိုးမျိုးရှိသည်... စိတ်ကူးသည် သူတို့ ၏ အိပ်မက်ပင်ဖြစ်သည်... တစ်ချို့ က အိပ်မက်သည့် ဘ၀ကို လွယ်ကူစွာရရှိကြသည်..... တစ်ချို့ က ခက်ခဲသည်... တစ်ချို့ က ကြမ်းတမ်းသည်... တစ်ချို့ က ဘ၀နှင့် အိပ်မက် ထပ်တူမကျကြ.... ဘယ်လိုဘဲ ဆိုဆို သူမတွင် အိပ်မက်များစွာရှိခဲ့သည်.... မှတ်မိသလောက် 5 နှစ်လောက်မှ 12 နှစ်လောက်အထိ မွေးစားမိဘ လိုချင်မိသည်... သူမကို ချစ်သော၊ ဂရုစိုက်သော၊ အလိုလိုက်သော၊ သူမဘက်မှ ရပ်တည်ပေးသော မွေးစားမိဘကို နေ့ တိုင်းစိတ်ကူး အိမ်မက်မိသည်....  အရွယ်ရောက်သည့်အခါတွင် သူမကို ချစ်သော မေတ္တာပေးနိုင်သော သူကို စိတ်ကူးယဉ်မိသည်.... ထင်သလောက်တော့ မလွယ်ကူကြောင်းကို သူမ၏ မျက်ရည်များစွာတို့ က သက်သေခံခဲ့သည်... အချစ်ကို သူမ နာကျင်ခဲ့သည်... အချစ်ဆိုသည်ကို မကြားချင်တော့လောက်အောင် ဖြစ်ခဲ့သည်... အချစ်သည် အချိန်ပြုန်းစေသော၊ အဓိပ္ပါယ်မဲ့သော၊ လိမ်ညာခြင်း လှည့်စားခြင်းတို့ ၌သာ အဆုံးသတ် ဖြစ်စေသောအရာဟု ယုံကြည်ခဲ့သည်... တကယ်တော့ သူမသည် ကြည်းကို ရွှေသုတ်လိမ်း ထားသောအရာကို ရွှေဟု ယုံကြည်ခဲ့ရမှ သုတ်လိမ်းထားခဲ့သော ရွှေများ ကွာကျခဲ့သည့်အခါ ရွှေဆိုတာ ဒါမျိုးဘဲဟု ထင်မြင်ခဲ့ပြီး မကြားချင်တော့လောက်အောင် ဖြစ်ခဲ့သည်... တကယ်တော့ သူမသည်လှည့်ဖြားခြင်း ခံခဲ့ရသည်သာဖြစ်ပေသည်...

ယခုတော့ ရွှေဆိုသည်မှာ ဘယ်လိုပင် တိုက်ချွတ်ဆေးကြောစေကာမူ သူ၏ အရောင်အဆင်းနှင့် ဂုဏ်သတ္တိမပျယ်သော၊ အမြဲတန်ဖိုးတက်နေတတ်သော အရာဖြစ်ကြောင်းကို သူမသိရှိလာပြီဖြစ်ပေသည်.... သူမသည် သူမကိုးကွယ်ခဲ့သည့် အချစ်ကို ပို၍ယုံကြည်လာသည်.. မေတ္တာတရား၏ စွမ်းပကားကို ပိုမို နားလည် ခံစားတတ်လာပြီ ဖြစ်ပေသည်.... ဒီအတွက် သူ့ ကို သူမ အလွန်တရာ ကျေးဇူးတင်မိသည်... သူသည် သူမကို အမြဲမြှောက်စားသည်.. အလိုလိုက်သည်... သူမကို မငြူစူ... သူမကို ယုံကြည်မှု့ ရှိသည်...  သူသည် သူမအတွက် ထီးလို အရိပ်လို တံတိုင်းလို ဖြစ်ပေသည်... သူသည် သူမအတွက် အမြဲရပ်တည်သည် မှာ စတွေ့ ကတည်းကဖြစ်သည်.... သူမ၏ မျက်ရည်များကို သူ၏မေတ္တာဖြင့် ရပ်တံ့စေခဲ့သည်... ယုံကြည်မှု့ ပျောက်ဆုံးခဲ့သော သူမသည် သူ့ ကြောင့် အားမာန်များ ပြန်လည်ရရှိခဲ့သည်... အချစ်သည် အဆိပ်ဖြစ်သည်ဟု ယူဆခဲ့သော သူမအတွက် အချစ်၊ မေတ္တာတရားနှင့် စေတနာသည်သာ ဘ၀တွင် အမှန်တကယ် အားကိုးရာ ဖြစ်ကြောင်းနှင့် ဆုံးရှုံးခဲ့ပြီဟု ထင်ခဲ့သော အချစ်များကို ပြန်လည် ရရှိနိုင်ကြောင်းကို သူသည် လက်တွေ့ သင်ကြားပေးခဲ့သည်...

သူမ၏ စိတ်ကူးများသည် လက်တွေ့ ဖြစ်လာသည်... သူမအတွက် ဘ၀သည် အင်မတန် နေပျော်လာသည်...  ကျေနပ်စရာ အတိဖြစ်လာသည်... စက္ကန့် တိုင်းသည် သူမအတွက် တန်ဖိုးထားစရာ ဖြစ်လာသည်... ဤကမ္ဘာတွင် သူမကို အမှန်တကယ် ချစ်သောသူ ရှိပါသေးလား ဆိုသည့် အသိက သူမအတွက် ဘ၀သည် နေချင်စရာဖြင့် အဓိပ္ပါယ် အပြည့်ဖြစ်လာခဲ့သည်... သူမရှာဖွေခဲ့သော၊ ယုံကြည်ကိုးကွယ်ခဲ့သော အချစ်နှင့် မေတ္တာတရားကို ရရှိခဲ့သည့်နောက် ယခုအချိန်တွင် နောက်ဆုံး ထွက်သက် ဖြစ်မည်ဆိုပါက သူမအတွက် ပြုံးရွှင်စွာဖြင့် နောက်ဆုံးအချိန်ကို ဖြတ်သန်းနိုင်ပြီ ဖြစ်ပေသည်....


မှတ်ချက်
(ရေးတုန်းက အိတ်အကြောင်းကနေ ဘယ်လိုလုပ် အချစ်အကြောင်းရောက်သွားပါလိမ့်နော်.. မတတ်နိုင်တော့ဘူး.. ရေးပြီးနေပြီ... ပြန်ဖျက်ရမှာ နှမြောစရာ... :()